အားငယ်သူ အားပေးပါ

Sunday, April 27, 2008

ကံကြမ္မာ အရ

ဟိုအရင်က ငါလက်ကိုင်ထားခဲ့တယ်
ပျော်ရွှင်ခြင်းဆိုတာက ရောက်တဲ့နေရာ

လွမ်းမောခြင်းဆိုတာက အမေနဲ့အဖေ

တမ်းတခြင်းက အမေ့အိမ်

သတိရခြင်းက မတွေ့တာကြာတဲ့ သူငယ်ချင်းတွေ

အခုတော့ အဲဒါတွေအားလုံးကို

ညီမျှခြင်းရဲ့ တစ်ဖက်ကိုပို့လိုက်ပြီ
အနုတ်လက္ခဏာပြလို့...။

အခုငါ့ရင်မှာ နေရာအယူဆုံးက မင်း
အချစ်ရဲ့ ကျေးကျွန်ဖြစ်နေတာက ငါ
နားထောင်တဲ့ သီချင်းတွေက လွမ်းတေးသီချင်း
ငါရေးချတဲ့ အရာတွေက ကြေကွဲသံစဉ်
မှင်အနီရောင်နဲ့တောင် မခြယ်သဘူး
ငါ့ရင်ခုန်သံတွေ ရပ်တန့်သွားမှာစိုးလို့
အခုအဲဒါတွေ အားလုံးကို
ညီမျှခြင်းရဲ့ တစ်ဖက်ကို ပို့လို့မရဘူး
ကံကြမ္မာအရတဲ့...။

အပြံးလေးနဲ့ ဖဲ့ခြွေနိုင်သူက မင်း
မအူမလည်နဲ့ လမ်းဘေးအချိတ်ခံရတာ ငါ့နှလုံးသား
မျှော်လင့်ချက်နဲ့ အသက်ဆက်ရှင်မယ်ဆိုတာ
ယောင်ရမ်းသံစဉ်
အောင်နိုင်သူအပြံးနဲ့ ဘ၀င်ဟပ်နေတာက မင်း
ထားရက်ခဲ့တာတောင် အပြစ်မမြင်နိုင်ခဲ့တာက ငါ
မင်းမရှိတဲ့နေ့တွေ ခြောက်ကပ်တယ်ဆိုတာ လက်တွေ့
အခုအဲဒါတွေ အားလုံးကို
ညီမျှခြင်းရဲ့တစ်ဖက်ကို မပို့ချင်တော့ဘူး

ကံကြမ္မာအရလို့ ထပ်ပြောမှာပဲလေ။ မဏ္ဍိုင်

အပြည့်အစုံသို့

သူ့နေရာနဲ့ သူ

မလာမှန်း သိလျှက်နဲ့
စောင့်ခဲ့ရတဲ့ နေ့တွေ၊

မချစ်နိုင်မှန်း သိလျှက်နဲ့

တမ်းတမိတဲ့ မျှော်လင့်ချက်တွေ၊

မရနိုင်မှန်း သိလျှက်နဲ့

လိုချင်မိတဲ့ အတိတ်ရဲ့ အိပ်မက်လှလှတွေ၊

ဘယ်သူစေခိုင်းချက်မှ မပါပဲ

သူ့နေရာနဲ့သူ နေရာယူလို့

အပိုးကျိုးနေလိုက်ပုံများ အမြင်ကပ်ချင်စရာ။

ဝေးသွားမှန်း သိလျှက်နဲ့
အမြဲတမ်းကြည့်ဖြစ်တဲ့ ဓါတ်ပုံလေးတွေ၊
တင်းထားမှန်း သိလျှက်နဲ့
ယိမ်းယိုင်သွားတဲ့ အတွေးအစလေးတွေ၊
ငြင်းထားမှန်း သိလျှက်နဲ့
ရောက်လာတက်တဲ့ အလွမ်းအစလေးတွေ၊
ဘယ်သူစေခိုင်းချက်မှ မပါပဲ
သူ့နေရာနဲ့သူ နေရာယူလို့
အပိုးကျိုးနေလိုက်ပုံများ အမြင်ကပ်ချင်စရာ။

လွမ်းမောရင်း ကြားက
ခလုပ်တိုက်ခဲ့တဲ့ အိပ်ပျက်ညတွေ၊
စဉ်းစားရင်း မောတဲ့
သူမပါတော့တဲ့ အနာဂါတ်သစ်တွေ၊
မဖြစ်နိုင်ဘူးလို့ မျက်ကန်းငြင်းတဲ့
တားလို့မရတဲ့ ငါ့အတ္တတွေ၊
ဘယ်သူစေခိုင်းချက်မှ မပါပဲ
သူ့နေရာနဲ့သူ နေရာယူလို့
အပိုးကျိုးနေလိုက်ပုံများ အမြင်ကပ်ချင်စရာ။ ♥ မဏ္ဍိုင်

အပြည့်အစုံသို့

Saturday, April 26, 2008

အားရပါးရ ခုန်နော်

တစ်ခါက ရွာတစ်ရွာမှာ နှဲအမှုတ်တော်တဲ့ မျက်မမြင်အဖိုးကြီးတစ်ယောက် ရှိတယ် တဲ့။ အဲဒီ အဖိုးကြီးက ဘေးပါတ်ဝန်းကျင် ရွာတွေအထိ လိုက်လံဖျော်ဖြေပေးရ သတဲ့။ တစ်နေ့ အခြားရွာတစ်ရွာမှ အလှူကို လာရောက် ဖျော်ဖြေပေးရန် ငှားရမ်းတယ်။ အဖိုးကြီးကလည်း လာခဲ့ပါမည်ဟု ကတိပေးလိုက်တယ်။ အဖိုးကြီး အခြားရွာတွေကို သွားလျှင် မျက်စေ့မမြင်တဲ့ အတွက် အဖော်တစ်ယောက် အမြဲတမ်းလိုက်ပေးရ သတဲ့။ ဒါနဲ့ အလှူရက်ကလည်း နီးကပ်လာပြီ။ အလှူရက် မတိုင်ခင် (၂)ရက်အလိုမှာ မိုးက သည်းထန်းစွာ ရွာသွားတယ်။ အိမ်ကလူတွေ ကလည်း အလုပ်ရှုပ်တဲ့ အတွက် လိုက်မပို့ နိုင်ကြဘူး။ ဒီလိုနဲ့ အိမ်ဘေးက လူရွယ်တစ်ယောက်ကို အကူအညီတောင်းလိုက်သတဲ့။ အဖိုးကြီးနဲ့ လူရွယ်တို့ လှည်းလမ်းအတိုင်း အလှူရှိတဲ့ရွာကို သွားကြတာပေါ့။ လမ်းရဲ့ တစ်နေရာမှာ ဘယ်လိုမှ ရှောင်ကွင်းသွားလို့ မရတဲ့ ရေဗွက်တစ်ခု ရှိတယ်။ အဲဒီရေဗွက်က သာမာန်သူ ခုန်ကျော်လျှင် ကျော်နိုင်လောက်တဲ့ အနေအထား လောက်ပေါ့။ ရေဗွက်ရဲ့အနီး (၃)လှမ်းလောက် အလိုမှာ လူရွယ်ကပြောတယ်။

လူရွယ်။ ။ အဖိုး ရှေ့မှာ ရေဗွက်ရှိတယ်။ နောက် (၂)လှမ်းလောက် ဆုတ်ပြီး အသ ကုန်သာ ခုန်လိုက်၊ အဲဒါဆိုရင် ရေဗွက်ကလွတ်မယ်။ အသကုန် မခုန်ဘူးဆိုရင် တော့ ရေဗွက်ထဲကျမယ်နော်။


လို့ ပြောသတဲ့။ အဲဒီအချိန်မှာ

အဖိုး။ ။ အေးငါရအောင် ခုန်ကြည့်ပါမယ်။ ငါခုန်နိုင်ပါသေးတယ်။ အေးဆေးပါ။

ဒီလိုနဲ့ လူရွယ်က ရေဗွက်ရဲ့ရှေ့(၅)လှမ်းလောက်အလိုမှာ နေရာယူခိုင်းသတဲ့။ အဖိုးကို ရှေ့ကို(၂)လှမ်းလောက် လှမ်းပြီးသာနဲ့ အသကုန်သာ ခုန်လိုက်တော့လို့ ပြောသတဲ့။ အဖိုးလည်း လူရွယ်ပြောတဲ့အတိုင်း ခုန်လိုက်တော့ ရေဗွက်ထဲကို တည့်ကျသွားပါလေရောတဲ့။mrgreenmrgreen လူရွယ်က (၃)လှမ်းလောက် အလိုကနေ ခုန်ခိုင်းတော့ ရေဗွက်ထဲ ကျပြီပေါ့။

♥ မဏ္ဍိုင်

အပြည့်အစုံသို့

ရယ်စရာရှိ လက်တို့

တစ်ခါက ရွာတစ်ရွာမှာပေါ့။ နားမကြား၊ မျက်စေ့ ကောင်းကောင်းမမြင်ရတော့ တဲ့သူက သူငယ်ချင်း တစ်ယောက်ကို ဘုရာပွဲ အတူကြည့်ဖို့ အကူအညီတောင်း တယ်တဲ့။ အဲဘုရားပွဲကို နေကာမျက်မှန်ကြီးတပ် ရှိုးအပြည့်နဲ့ပေါ့။ အခြားသူ တွေလို့ ပဲကပေးချင်သေးတယ်။ ပွဲစတော့ သူငယ်ချင်းကိုပြောတယ်။


နားမကြားသူ။ ။သူငယ်ချင်း ငါကို ရယ်စရာရှိရင် လက်တို့ပေးကွာ.. ငါက ဘာမှမကြားရဘူး။

သူငယ်ချင်း။ ။အေးပါကွာ ငါပြောပါမယ် မင်းကလည်း။

ဇာတ်ပွဲကလည်း နာမည်ကျော်ဇာတ်။လူရွှင်တော်တွေ ပျက်လုံးကလည်း ကောင်းမှကောင်း၊ နောက်ပိုင်း ဇာတ်ထုတ်မင်းသမီကလည်း အငိုတော် တော်ပိုင်ဆိုပဲ။ ပွဲစလို့ ရယ်ရတဲ့ အခန်းတွေမှာ နားမကြားတဲ့သူကို လက်တို့ပေးဖို့ သူငယ်ချင်းလုပ်သူက မေ့နေတယ်တဲ့။ ဒါနဲ့ ဇာတ်ထုတ်က ရောက်လာရော။ ဇာတ်နာခန်းကို မင်းသမီးက ပိုင်နိုင်စွာ ငိုနေတဲ့ အချိန်ရောက်မှ သူငယ်ချင်းက နားမကြားတဲ့ သူကို လက်တို့လိုက်သတဲ့။ နားမကြားတဲ့ သူကလည်း အဲဒီအချိန်ကျမှ တစ်ယောက်ထဲ တစ်ဝါးဝါးနဲ့ ရယ်ပါလေရောတဲ့။ mrgreenmrgreen

်♥ မဏ္ဍိုင်

အပြည့်အစုံသို့

Friday, April 25, 2008

အင်း

တစ်ခါက ရွာတစ်ရွာမှာ စကားအလွန်နည်းတဲ့ ကိုရင်သာတို့ ညားခါစ လင်မယား ရှိတယ်တဲ့။ စီးပွါးရေး အဆင်မပြေလို့ ယောင်္ကျားလုပ်သူက သူငယ်ချင်းတွေနဲ့ နယ်ထွက်ပြီး အလုပ်လုပ် ထွက်သွားရော။ သုံးလေးလ လောက်ရှိတော့ သူငယ် ချင်းတွေကတော့ ကိုယ်မိန်းမတွေဆီကို အလုပ်အဆင်ပြေတဲ့ အကြောင်းကို စာတွေရေးကြတာပေါ့။ ကိုရင်သာကတော့ အိမ်ကိုစာမရေးဘူး။ အဲဒါနဲ့ မိန်းမ လုပ်တဲ့ သူက သူယောင်္ကျားဆီကို စာရေးသတဲ့။ စာထဲမှာက

သို့/

ကိုရင်သာ…..

ရှင် ကျွန်မကှို သတိမှရပါသေးရဲ့လား ဟင်!

ငြိမ်းခင်..

ဆိုတာလေးပဲ ပါသတဲ့။ အဲဒါကို စကားနည်းတဲ့ ကိုရင်သာက မိန်းမဆီ စာပြန်လိုက် ပုံများ

သို့/

ငြိမ်းခင်…

အင်း!

ရင်သာ..

တဲ့။mrgreenmrgreen
♥ မဏ္ဍိုင်

အပြည့်အစုံသို့

ကောင်းကင်

ကြည်ပြာရောင်ရဲ့ ဂုဏ်ပုဒ်က
ဓနဥစ္စာချမ်းသာခြင်းနဲ့ အင်အားကြီးမားခြင်းတဲ့
ခပ်တည်တည်သိမ်းပိုက်ပြီး
ထည်ဝါမှုအပြည့်နဲ့ ငြိမ်သက်နေလိုက်တာ
ဘယ်သူကိုမှ ဂရုမစိုက်သလို။

တစ်ခါတစ်လေ လေပြေလေးတွေက
တိမ်ဖြူတွေကို ကျီစယ်လို့
အပိုင်စားရသည့်အလား ဟိုဟိုဒီဒီ
ပြေးလွားနေလိုက်ကြတာ ကြည်နူးစရာ။

ရံဖန်ရံခါ လေနီကြမ်းရဲ့ဒဏ်ကို
တိမ်မည်းတွေက ရင်စီးခံလို့
ငိုကာယိုကာနဲ့ တပ်ဆုတ်လာလိုက်ကြတာ
သနားစရာ။

လူတွေကလည်း စိတ်ညစ်မှုတွေကို
ကောင်းကင်ဆီမှာ ကုစားကြတယ်
မျက်နှာအပ် အော်ဟစ်ရင်းနဲ့
သောကတွေကို လွှတ်ထုတ်လို့ပေါ့။

နေမင်းကြီးကတော့ အကြင်နာတရားမဲ့လိုက်တာ
ရက်ရက်စက်စက်နဲ့ ကောင်းကင်ကြီးကို
နေ့အခါ လောင်မြိုက်လို့။

ညနေချိန် ရောက်ရင်တော့
ကောင်းကင်ကြီးက နာကျင်နေလျှက်ပေါ့
ကြည်ပြာရောင်တောင် မဟုတ်တော့ဘူး
အနီရောင်သန်း ငြီးထွားလို့။

ရံဖန်ရံခါလည်း
လမင်းကြီးက ရွှန်းလဲ့တောက်ပလို့
ကြယ်ပေါင်းစုံနဲ့ အလှဆင်နေလိုက်ပုံများ
အံဩစရာ။

တစ်ခါတစ်လေတော့
ကောင်းကင်တစ်ခုလုံး အမှောင်အတိကျလို့
တိတ်ဆိတ်မဲမှောင်ပြီး အထီကျန်ဆန်နေလိုက်တာ
ခြောက်ခြားစရာ။

ဩော် ကောင်းကင်ကြီးမှာတောင်
သနားစရာတွေ ကြည်နူးခြင်းတွေ
သောက အပူလောင်မြိုက်မှုတွေ
အံဩစရာတွေ ငြီးထွားခြင်းတွေ
… တွေနဲ့ပါလား
အင်အားကြီးမားခြင်းဆိုတဲ့ ဂုဏ်ပုဒ်က
ဒါတွေကိုပဲ ရည်ရွယ်ခဲ့လေလား မသိ။ ♥ မဏ္ဍိုင်

အပြည့်အစုံသို့

Wednesday, April 23, 2008

အနှိုင်းမဲ့

တစ်ခါတလေ သူ့ကြောင်းတွေးရင်
နေဆယ်စင်းလား
ပူပြင်းသောက
ရောက်မိသော်လည်း
သူ့စိတ်တွင်မူ
မိနှင့်ဖရေး
မျှော်ကာတွေးရင်း
မောင်တစ်ထမ်း
မယ်တစ်ရွက်ဆိုတဲ
ရှေးရိုးစကား
ပယ်လေလားမသိ
အားမာန်ပြည့်နှင့်
လောကအလယ်
ရင်ဘောင်တန်းလို့
ငြူစူငြီးငွေ့
အလျင်းမရှိ
မွေးကျေးဇူးကို
ပေးဆပ်နေသည့်
သူမျက်နှာမ
ပြစ်မျိုးမှတ်မထင်
ကြည်လင်လန်းဆန်း
တက်ကြွလျက်
မြင်ရသူဒက်ထိ
ရင်အေးစေ၏

သို့လဲတဖန်
ချစ်လှစွာသော
တူသားသမီးများကို
မိဘနှင့်မခြား
ရင်ဝယ်အုပ်လျက်
ဖြူစင်မေတ္တာ
ကြင်နာပေးသည်
သူ့စိတ်ထားက
အနှိုင်းမဲ့၏

မှတ်ချက်။ ။ချစ်အန်တီ…ထာဝရပျော်ရွှင်နိုင်ပါစေ...။ ♥ မင်းခေတ်

အပြည့်အစုံသို့

မာယာမျက်နှာဖုံး

မျှော်လင့်ခြင်းနဲ့ ရှင်ရတဲ့
လောကကြီးမှာ
မင်းရဲ့ ”ချစ်စစ်”ကို မျှော်လင့်မိတာ
အပြစ်လား ချစ်သူ။

မင်းရဲ့ အပြုံးတု
အယောင်ဆောင် “talking”တွေကြားမှာ
ငါဟာချစ်ရဲ့ ကျေးကျွန်ဖြစ်နေပြီးလား ချစ်သူ။

တကယ်တော့ ငါဟာ
မင်းရဲ့ မာယာမျက်နှာဖုံးနောက်က
မာတိကာမှ မဖတ်မိခဲ့ဘဲ ချစ်သူ။

မင်းကတော့ မာတိကာရဲ့ 
စာမျက်နှာအတိုင်း မင်းရဲ့အပြုံးတု
အယောင်ဆောင်”talking”တွေနဲ့ဘဲ
ကျေနပ်နေဆဲပေါ့…..ချစ်သူ။ ♥ မင်းခေတ်

အပြည့်အစုံသို့

Tuesday, April 22, 2008

စွန်

စွန်လေးရယ်
လွတ်လပ်ပျော်ရွှင်စွာ ပျံသန်းနိုင်ဖို့

ငါ့အသည်းနှလုံးကို သံမှိုနှက်ပြီး

ဝေဟင်ကို လွှတ်တင်လိုက်ပါပြီ။

မာယာတွေ ချယ်မှုန်းထားတဲ့
မင်းရဲ့ အကတွေနဲ့
ကောင်းကင် တစ်ခွင်လုံးကို
အလှတွေ ထပ်ဆင်အုံးပေါ့။

ငါကတော့ မင်းရဲ့
လိုက်ဖက် တင့်တယ်မှုတွေကို
ဩဘာ သံတွေနဲ့ပဲ
ချီးမြှင့် ချင်တာပါ။

ပြင်းထန်တဲ့ လေနီကြမ်းရဲ့
ရက်စက်မှုဒဏ်ကို

ရင်စီးခံဖို့ လွှတ်တင်ခဲ့တာမှ

မဟုတ်ခဲ့ဘဲ။


အခန့်မသင့်လို့ ကကွက်တွေ
ပျောက်ခဲ့ရင်တော့
တိမ်တိုက်တွေဆီမှာ ခဏတာ
နားခိုခွင့် တောင်းပေါ့။

မင်းရဲ့ ရက်စက်မှုဒဏ်ကို
မခံနိုင်လို့ တိမ်တိုက်တွေကပါ
မျက်ရည် ကျခဲ့ရင်တော့
မြေပြင်ကိုပဲ
မင်း ဆင်းသက်ရလိမ့်မယ်။

အဲဒီ အချိန်ကျမှတော့
ဟိုအရင်က ငါရေရွတ်ခဲ့တဲ့
‘လောကကြီးက ရက်စက်လိုက်တာ’
ဆိုတဲ့ စကားလုံးကိုတော့
ထပ်တူ မရွတ်မိစေနဲ့

စွန်လေးရယ်။ ♥ မဏ္ဍိုင်

အပြည့်အစုံသို့

Sunday, April 20, 2008

သူငယ်ချင်းများ

နေ့နဲ့ညရဲ့ အချိန်မှန်လည်ပါတ်မှုကြားမှာ
တို့တစ်တွေ ကိုယ့်ဇာတ်ထုတ်ကို

ကိုယ် တင်ဆက်ရင်း

မမျှော်လင့်ပဲ လမ်းခုလတ်မှာ

ခဏ တွေ့ကြပြီပေါ့။

ပြုခဲ့ဘူးတဲ့ အတိတ်က
ကုသုလ်ကံကပဲ
အချိန်နဲ့နေရာ တွက်ချက်ပြီး
တို့တစ်တွေ ဆုံဆည်းဖို့
ကံကြမ္မာတရားကို
စေခိုင်းလိုက်လေလား မသိ။

ကျင်လည်ရာ ဘ၀မျိုးစုံ
နေရာပေါင်းစုံက နေပြီး

ခါးသည်းခြင်းတွေကို ဘေးမှာလွယ်

ကိုယ်စီ မျှော်လင့်ချက်တွေနဲ့

တို့တစ်တွေ လျှောက်နေကြတာပဲလေ။

အချိုးအကွေ့လေးမှာ ဆုံရပေမယ့်
တို့တစ်တွေရဲ့ ရင်းနှီးချစ်ခင်မှုက
မိခင် တစ်ဦးထဲကပဲ
မွေးဖွားပေးလိုက်သည့် အလား
မြင်တွေ့သူတိုင်း ကျေနပ်စရာပါပဲ။

စိတ်ညစ်မှုတွေနဲ့ အားငယ်မှုတွေဆိုရင်
ခွဲဝေယူတက်ပြီး
ယိမ်းယိုင်နေတဲ့ ဦးတည်ချက်တွေကို
တို့တစ်တွေရဲ့ ခင်မင်ရင်းနှီးမှုနဲ့ပဲ
တည့်မက်ပေးကြတယ်။

အောင်မြင်မှုတွေကို
လက်ကမ်း ကြိုဆိုတက်ပြီး
ရှုံးနိမ့်ခြင်းတွေ လက်ခံရရှိသူကိုလည်း
ဥပေက္ခာ ပြုထားဖို့
တို့တစ်တွေရဲ့ အသည်းနှလုံးတွေက
မမာကြဘူးလေ။

အဲ အချိန်တန်လို့
ခွဲခွါရတော့မယ် ဆိုရင်လည်း
ပြည့်နှက်နေတဲ့
ဝမ်းနည်း ကြေကွဲမှုတွေကြားက
လက်ပြချိန်မှာတော့ အပြုံးတစ်ချက်နဲ့
နှုတ်ဆက်ကြတာပါပဲ။

အခြေအနေတွေ နေရာတွေ
အချိန်တွေ ကုန်ဆုံးပြောင်းလဲပေမယ့်
တို့တစ်တွေ ရင်ထဲက
သူငယ်ချင်း ဆိုတာကတော့
ပင်ကိုယ်အတိုင်း တည်ရှိနေလိမ့်မယ်လို့

မျှော်လင့်လျှက်…။

♥ မဏ္ဍိုင်

အပြည့်အစုံသို့

သြော်အမေ

ရင်နှင့်လွယ်ဖွား သားသမီးများတွက်
လောကအလယ် ရုန်းကန်လှုပ်ရှား
ကျွေးမွေးပြုစု ကြာညောင်းချိန်ခါ
အလီလီပြောင်းရင်း လောကဓံလှိုင်းပိုး
ရိုက်ပုတ်မှုကြောင့်
ဆံဖြူသွားကြိုး ဇရာထောင်းလို့
ခါးကိုင်းနေလည်း ကြုံလာခက်ခဲ
ဘေးအသွယ်သွယ်ကို ယှဉ်ပြိုင်အန်တု
အားမာန်ထုလို့ ပြုံးခဲ့တဲ
မေ
ပြုံးတစ်ပွင့်က မြင်ရသားသမီး
နှလုံးအိမ်ဝယ် အားဖြစ်စေ၏။


၁၅၀၀ကိုပယ် ၅၂၈ဆိုတဲ
မေတ္တာကို မေနှလုံးအိမ်ဝယ်

ကဗ္ဗည်းထိုးလျှက်
အဖမဲ့သားသမီး လောင်မီးတောပမာ
မဖြစ်လေအောင် အဖဆိုလဲအမေ
အမိဆိုလဲအမေ ရင်ဝယ်အုပ်လျက်
မေတ္တာပေး၍ သီတာရေစင်ပမာ
တသွင်သွင်စီးရင်း စုန်ရေကိုသာပေး
ဆန်ရေကိုမမျှော်ဘဲ ချစ်သားသမီးများ
လောကအလယ် တင့်တယ်စေရေး
ရုန်းကန်ကြိုးစား ပင်ပန်းမှူဒဏ်ကို
ဖုံးကွယ်သိုလျက် ချစ်သားသမီးရှေ့
ပိတီမျက်လုံး အပြုံးမျက်နှာနဲ့
နေတတ်ခဲ့တဲ အမေ။

သြော်အမေ
နီးလျှင်မသိ ဝေးမှသိဆိုတဲ့
မေ့မေတ္တာကို ဝေးတမြေရောက်
ချစ်လှသားမောင် လွမ်းဆွတ်တမ်းတရင်း
အိပ်စက်စဉ်ဝယ် နေ့စဉ်ရက်ဆက်
ဦးထိပ်ပန်စဉ် လက်စုံမို၍
ကန်တော့လျက်ပါ အမေ။

♥ မင်းခေတ်
(မှတ်ချက်။ ။ကိုယ်တိုင်ခံစားချက်လေးပါ အားလုံးကိုမရည်ရွယ်ပါ။)

အပြည့်အစုံသို့

Tuesday, April 15, 2008

မောရှမ်းသူ ထံသို့

တောင်တန်းပြာပြာ မြေနီလမ်းနှင့်
လှည့်ပါတ်စီးဆင်း မြစ်သံလွင်သံ

သံသာသာနှင့် နားဝင်ချိုလှ

မောရှမ်းမြေက ချစ်သူလေးထံ

ရည်မျှော်တမ်းတ လွမ်းရသော်လည်း

အဝေးမြေရောက် မောင်တစ်ယောက်မှာ

အဘယ်သို့မျှ မတက်နိုင်ရှာ။


မောင်လွမ်းရကြောင်း ထိုထိုကြောင်းကို
ချစ်သူလေးဆီ စာလွှာပေးပို့

ပြောသော်ငြားလည်း ပြန်စာမလာ

တဖန်ဖုန်းဆက် ဆက်ပါသော်လည်း

အကြောင်းမထူး ငါရဲ့ဘဝ

မည်သို့ဆိုစေ။


ပန်းချယ်ရီနှင့် တောင်တန်းပြာတို့
တည်ရှိသရွေ့ ဆက်ချစ်နေမည်
မောင်ချစ်ကြောင်းကို မောရှမ်းဌာနေ
ချစ်သူသက်ထား သိပါစေ။
♥ ရဲရင့်

အပြည့်အစုံသို့

ဦးတည်ရာမဲ့ အလွမ်း

ရင်ဘတ်ထဲမှာ မရှိသော
ခေါင်းစဉ်တပ်မရတဲ့ အတွေးတွေနဲ့

အားကျမခံ ဦးတည်ရာမဲ့

လွမ်းကြည့်နေမိတယ်။


လမိုက်ည သန်ခေါင်းယံ

တစ်လုံးတည်းသာ လင်းလတ်ရတဲ့

ကြယ်ရဲ့ အားငယ်မှုမျိုးနဲ့

ငါ့ရဲ့ အလွမ်းတွေက

ကစဉ့်ကလျား။


ဟိုးရှေး ဘ၀အဆက်ဆက်
သံသရာမှာ မတွေ့ဆုံခဲ့ဘူးတဲ့
ငါရဲ့ချစ်သူ မဟုတ်သော
အလှနတ်သမီးကိုပဲ
ဗီးနပ်စ်သခင်မက လွမ်းခိုင်းသလိုလို။

ဘ၀တစ်ကွေ့မှာ ခဏတာတွေ့ခဲ့ရတဲ့
မျက်နာပိုး မသေသော
ပေကြောင်ကြောင်
ကောင်မလေး တစ်ယောက်ကိုပဲ
မျက်စေ့လည် ၀င်ရောက်လာတဲ့
အတွေးတစ်စထဲက နေပြီး
ဆွဲယူ လွမ်းနေသလိုလို။

အတိတ်က နေခဲ့ဘူးတဲ့
နွမ်းလျှလျှ ခရမ်းချဉ်သီးရဲ့
အရောင်မျှသာ အလင်းရောင်ပေးသော
အဖော်မရှိသော မီးသီးနဲ့
တိတ်ဆိတ်ငြိမ်သက်တဲ့ အခန်းကျဉ်းလေးကိုပဲ
ပြေးလွမ်းနေသလိုလို။

ဟိုအရင်က သောက်ခဲ့ဘူးတဲ့
အချောမဟုတ်သော ဖတ်ကြမ်းဆေးလိပ်တိုနဲ့
သူနှင့် လိုက်ဖက်ညီစွာရှိခဲ့တဲ့
အာမီရမ်ကိုပဲ ပြေးလွမ်းနေသလိုလို။

အိုးအက်နေတဲ့ ဂစ်တာရဲ့
ိုဟောင်းနွမ်းခြင်းတွေ ပေါင်းစပ်ပြီး
မညီညာတဲ့ သံစဉ်တွေနဲ့
ထစ်ငေါ့စွာ သီချင်းသီဆိုတက်တဲ့
သူငယ်ချင်းကိုပဲ ပြေးလွမ်းနေသလိုလို။

ကောင်းအတူ ဆိုးမတူနေခဲ့ဘူးပြီး
လိုလျှင်ခေါ်
မလိုလျှင်ခေါက်ထားတက်တဲ့
ပေကတ်ကတ် လူ့လွယ်အိတ်များကိုပဲ
ပြေးလွမ်းနေသလိုလို။

မလိုလျှင် အဝေးရောက်နေပြီး
ဗိုက်ဆာတဲ့အချိန် အလိုက်သိစွာနဲ့
မုန့် လာလာရောင်းတက်သော
အနက်နုရောင် အသားအရေပိုင်ရှင်
ဘာဘူကလားကြီးကိုပဲ
ပြေးလွမ်းနေသလိုလို။

ဆည်းဆာအလှကို ခံစားရင်း
ဟိုအရင်က တို့တွေထိုင်ခဲ့ဘူးသော
လမ်းလေးခွဆုံက
ထိုင်ခုံပုလေးနဲ့ လက္ဘက်ရည်ဆိုင်ကိုပဲ
ပြေးလွမ်းနေသလိုလို။

ငါတစ်ယေက်တည်း
အိပ်မပျော်တဲ့ ညတွေကိုပိုင်စိုးရင်း
အခုတော့
အကြမ်းမဟုတ်သော ဆေးလိပ်ကို
ပျင်းရိစွာ ဖွာရှိုက်ရင်း

ဂယောင်ချောက်ချား
လွမ်းဆွေးနေမိတယ်။

♥ မဏ္ဍိုင်

အပြည့်အစုံသို့

Saturday, April 12, 2008

ငါ နဲ့ ငါ့အကျင့်

တိမ်တိုက်တိုင်းမှာ ငွေအနားကွပ်လေး
တစ်ခုစီရှိသလို
လူတိုင်းမှာလည်း ကောင်းကွက်တစ်ခုစီ
ရှိကြတယ် တဲ့။

အော် ဒါပေမယ့်
ငါမှာတော့
ပြောင်းပြန်ဖြစ်နေပြီလား?
ငြီးငြူခြင်းတွေကို ဘယ်သောအခါမှ
မကြားချင်သော ငါ၊
ဘူး(မသိဘူး)တစ်လုံးကို တစ်ခါတစ်လေ
ပျင်းရိချင်းနဲ့တွဲပြီး
အိပ်ကပ်ထဲမှာ ထည့်ထားတက်တဲ့ ငါ။

မာနဆိုတဲ့ စကားလုံးရဲ့
အဓိပ္ပါယ်ကို အခုအထိ
နားမလည်သေးတဲ့ ငါ၊
နောက်ပြောင်ကျီစယ် ရတာကို
မိခင်နို့ရည်ကဲ့သို့
ချစ်မြတ်နိုးတက်တဲ့ ငါ။

အများသူငှာရဲ့
မသင်္ကာ အကြည့်တွေကို
သေမလောက်ကြောက်တက်တဲ့ ငါ၊
အများသူငှာရဲ့
လက်ညှိုးနဲ့ အပြောကို
မစင်ကဲ့သို့ ရွံရှာတက်တဲ့ ငါ။

အရာတစ်ခုကို စိတ်ဝင်စားလျှင်
မဆိုင်းမတွ ထလုပ်တက်တဲ့ ငါ၊
ငါ့အပေါ် ကောက်ကျစ်မှုတစ်ခု
ပြုလုပ်သူအား
ရင်ထဲ သိမ်းထားတက်တဲ့ ငါ။

……
….. …..
…… ငါ။

သူငယ်ချင်း
ငါကိုပစ်စလက်ခက် ဝေဖန်ပစ်ဆန်းပါ
ဘာပဲဖြစ်ဖြစ် ငါမှာ
အနာအဆာပါတဲ့ ကောင်းကွက်လေးတစ်ခု
ရှိရင်ပဲ ငါကျေနပ်ပါတယ်။

♥ မဏ္ဍိုင်

အပြည့်အစုံသို့

ကျွန်တော်နဲ့ သင်္ကြန်

အော် သင်္ကြန်ရေ
တချို့တွေအတွက်တော့ ပျော်ရွှင်စရာတွေ
တချို့တွေက လွမ်းမောစရာတွေ
တချို့တွေက အမှတ်တရတခုခုပေါ့
အမြဲပေးလေ့ရှိတက်တယ်။

ငယ်သူတွေ အတွက်တော့
ကြီးသူကိုကန်တော့
တပည့်တွေက
ဆရာတွေကိုကန်တော့
သားသမီးက မိဘကို
ကုသိုလ်လုပ်ပေးကြတာပေါ့
ငါလည်း ဒီအတိုင်းပဲ
ဟိုအရင်ကလုပ်ပေးခဲ့တယ်။


အခုတော့
သင်္ကြန်ဟာ ငါအတွက်
ခြောက်သွေ့ ငြိမ်သက်ခြင်းတွေကိုပဲ
ယူပေးခဲ့တယ်။

ငါသိထားတဲ့ သင်္ကြန်က
အရမ်းပျော်ရွှင်စရာကောင်းတယ်
တစ်ယောက်နဲ့ တစ်ယောက်ရေးကစားကြ
မုန့်တွေလု စားကြပေါ့
စိတ်မဆိုးကြပဲ
နှစ်ဟောင်းက အညစ်အကြေးတွေကို
စွန့်ပစ်ကြတယ်။

အခုအဲဒီပျော်ရွှင်စရာတွေ
တစ်ခုမှ ငါ့အနားမှာ မရှိဘူး
အားလုံးကပဲ ခေတ္တယာယီ
ငါကို ကျောခိုင်းသွားတာလား?
ငါကပဲ ကျောခိုင်းခဲ့တာလား?
ငါမတွေးတက်တော့ဘူး။

သေချာတာတစ်ခုတော့ရှိတယ်
သင်္ကြန်ရဲ့ခြောက်သွေ့ခြင်းတွေက
ငါကိုလှောင်နေကြတယ်
ဘယ်မှာလဲ
ဟိုအရင်က သင်္ကြန်ရေ...။

♥ မဏ္ဍိုင်

အပြည့်အစုံသို့

Wednesday, April 2, 2008

Gipsy Dream

လွမ်းမိတယ်ကွာ
တစ်ခါက မက်ခဲ့တဲ့ အိပ်မက်ကိုပေါ့
ပြောပြခဲ့ဘူးပါတယ်
ငါမင်းကို ချစ်ခဲ့တယ်ဆိုတာတွေက
အတုအယောင်မှ မဟုတ်တာ
မုသာဝါဒက ငါ့ဆီမှာ ရှားပါးပစ္စည်းပါ
မသိစိတ်ထဲမှာတောင်မှ
ငါမင်းအတွက် ကောင်းခဲ့တာပဲလေ။

ငါအိပ်မက်ထဲမှာ
အလှနတ်သမီးက မင်းပေါ့
သစ္စာမဲ့စွာနဲ့
အလှနတ်သမီး ငှားရမ်းအသုံးပြုခြင်း
ငါ့အိပ်မက်က ခွင့်မပြုခဲ့ပါဘူး။

မင်းနဲ့ငါရဲ့
ကြည်နူးခန်းလေးတွေ ဆိုရင်တော့
အိပ်မက် ဆက်မက်ခွင့်ပေးထားလေရဲ့
မင်းစိတ်ဆိုးနေရင်လည်း
ငါ ဆက်ပြီး ချော့နေသေးတာပဲလေ
မင်း လိုချင်တာရှိရင်လည်း
ရအောင် ငါယူပေးခဲ့တာပေါ့။

အဲ ဒါပေမယ့်
အလှနတ်သမီးရဲ့
ဇာတ်နာခန်းကိုတော့ ဆက်မက်ဖို့
ငါ့အိပ်မက်က ခွင့်မပြုခဲ့ဘူး
ချက်ချင်းပဲ
အဲဒီနေရာမှာ တစ်ခန်းရပ်ပြီးတော့
အိပ်မက်ကို လန့်နှိုးပစ်လိုက်တယ်။

အဲဒီအချိန်မှာတော့
ငါအသိစိတ် ၀င်လာပြီပေါ့
မက်နေတဲ့ အိပ်မက်
တန်းလန်းကြီးဆိုပြီးလည်း
ငါဒေါသပုန် မဖြစ်ပါဘူး
ကျေးဇူးတောင် တင်နေသေးတယ်
ငါ့ရဲ့ မသိစိတ်ကတောင်
မင်းအပေါ် ကြင်နာနေလို့လေ။

ဒါပေမယ့်
ငါ့အိပ်မက် တစ်ခန်းရပ်တာကိုပဲ
စိတ်ဆိုးသွားလေသလား?
ငါ့ရဲ့ အလှနတ်သမီးလေးကလည်း
အိပ်မက့်နဲ့အတူ ပျောက်ကွယ်သွားတာ

အခု အချိန်အထိပေါ့။

♥ မဏ္ဍိုင်

အပြည့်အစုံသို့