အားငယ်သူ အားပေးပါ

Thursday, March 27, 2008

ဇာတိမြေသို့ တမ်းချင်း

မပျော်ညဉ့်နက် ခင်းအိပ်ယာထက်
လွန့်လူးရွှေ့လျား ရှိနေခိုက်ဝယ်
ထွေရာလေးပါး တွေးတောရင်းက
ရောက်ရှိသွားသည် အတိတ်ဆီသို့ ။

ပျော်ရွှင်ကြည်နူး ရှိခဲ့ဘူးသော
ဇာတိချက်ကြွေ မွေးရပ်မြေမှ
တူညီစိတ်ထား ရှိခဲ့ကြသည့်
ငယ်ပေါင်းဖော်နှင့် ဆွေမျိုးတို့အား
ရင်မှာမှန်းဆ လွမ်းရပါ၏ ။

သိုပါသော်လည်း
ငယ်စဉ်ဘ၀ ရှိခဲ့စဉ်က
ကင်းဝေးသောက ပေါင်းဖော်များနှင့်
မြူးထူးပျော်ပါး ကစားခဲ့သော
ဆည်းဆာချိန်သည် လိုက်ဖက်ခဲ့၏ ။

ခုချိန်ခါဝယ် ငယ်ပေါင်းဖော်တို့
ဘ၀မျိုးစုံ နယ်ပေါင်းစုံ၍
တာဝန်ကိုယ်စီ ထမ်းဆောင်ရင်းက
အရောင်မျိုးစုံ စွဲခဲ့ကြလည်း
မျှော်ရည်တမ်းတ လွမ်းကြပေမည်
ဇာတိမြေသို့ ။

တို့တွေတမ်းတ လွမ်းခဲ့ရသော
အတိက်ဆီက ဇာတိမြေနှင့်
ငယ်ပေါင်းဖော်တို့
ပျော်မြူးခဲ့ရ ဆည်းဆာအလှသည်
သက်ဝင်ထင်ရှား ဖြစ်ပြန်ခြင်းငှာ
မစွမ်းနိုင်ရာ…။

♥ မဏ္ဍိုင်

အပြည့်အစုံသို့

စိတ်ညစ်စရာ "alarm"

တီတီလို့ပဲ ပြောရမလား… ကလင်..ကလင်လို့ပဲပြောရမလား.. ဘယ်လို alarm ပဲ
မြည်မြည် နံနက် စောစော အိပ်ယာထဲမှာ အဲဒီအသံကို ကြားလိုက်ရတယ် ဆိုရင်ပဲ တော်တော်ကို စိတ်ညစ်သွားတယ်…. ဒီနေ့ ကျောင်းကလည်းသွားရမှာ ဆိုတော့ alarm ကို (၇ )နာရီတစ်ကြိမ်၊ (၇)နာရီခွဲ တစ်ကြိမ်၊ (၈) နာရီတစ်ကြိမ် ပေးထား တာ။ အခန်းထဲက သူငယ်ချင်းကတော့ တော်တော့်ကို စိတ်ညစ်နေ လောက်ပြီ။ ကျွန် တော် က alarm ကို အမြဲတမ်း
ပေးတာ။ ကိုယ်အရင်ထတယ် ဆိုတာ တစ်

ခါမှ ရှိဘူး။ တစ်ခါတစ်လေဆိုရင် alarmသံ ကိုတောင် မကြားလိုက်ဘူး။ အိပ်ရေး ဆက်တာနော်။ (စတာနော်… တကယ်မထင်နဲ့ ယုံနေမှာ စိုးလို့)ကဲ ဆက်ပြောအုံး မယ်… ဘယ်ရောက်သွားပြီလဲ မသိဘူး။ alarm က သာမြည်နေတာ ကျွန်တော် ကတော့ အိပ်နေတုန်း ပဲရှိသေးတယ်။ ပထမ alarm ကိုတော့ နံနက်ရောက်ပြီ ဆိုတဲ့ အချက်ပြဖို့ အတွက် ကျွန်တော်က ပေးထားတာပါ။ မျက်လုံးဖွင့် ကြည့်စရာ မလိုပဲနဲ့ နံနက်ဆိုတာ ကိုချက်ချင်းသိရအောင်လို့ ပေးထားတာပါ။ ဒုတိယ alarm မြည်လာပြီဆိုရင်တော့ ထဖို့ အချိန်ရောက် နေပြီပေါ့။ ဒါပေမယ့် မထဖြစ်သေး ပါဘူး။ အဲဒီအချိန် ရောက်ပြီဆိုရင်တော့ အခန်းထဲက သူငယ်ချင်းက အိပ်ယာထ၊ မျက်နှာ သစ်၊ ရေချိုး လုပ်နေပြီပေါ့။ သူပါစပ်ကလည်း ကျွန်နော် နာမည်ကို တစ်ကြော်ကြော် နဲ့ ခေါ်ပြီး နှိုးနေလေရဲ့။ ကျွန်တော်ကလည်း သူခေါ်တဲ့ ကျွန်တော့နာမည် တစ်လုံးနဲ့ တစ်လုံးကြားမှာ ရအောင်အိပ်တယ်လေ။ လမ်းကြုံလို့ပြောလိုက်အုံး မယ်နော်။ တစ်ခွန်းကြားနဲ့ တစ်ခွန်းကြား အိပ်ရတဲ့ အရသာက တော်တော်ရှိတယ်နော်… မယုံလို့ရှိရင် သူငယ်ချင်း တစ်ယောက်ကို ခေါ်ပြီး နှိုးခိုင်းကြည့် ပါလား…ဟီးဟီး စတာနော်။ တတိယ alarm မြည်ပြီ၊ ကျောင်း သွားဖို့ (၁၀) မိနစ်လောက်ပဲ လိုတော့ တယ်ဆိုမှ ကျွန်တော်က ကမန်းကတန်းနဲ့ အိပ်ယာကထ လိုက်တယ်။ ပြီးရင် မျက်နှာသစ်၊ ရေချိုး အမြန်လုပ်ရတယ်။ အဲဒီအချိန်မှာ သူငယ်ချင်းက အကုန်ပြီး နေပြီ။ ကျွန်တော်ကတော့ ၀ရုန်းတုန်းကား ဖြစ်နေတုန်းပဲ ရှိသေးတယ်။ ခဏနေတော့ သူငယ်ချင်းတွေက ကျောင်းကိုသွားနှင့်နေကြပြီ။ ကျွန်တော်က ဟိုဟာ ကျန်မှာစိုးလို့ ကြည့်ရ၊ ဒီဟာ ကျန်မှာ စိုးလို့ကြည့်ရနဲ့ အပြီးနိုင်သေးဘူး။ ခဏနေမှ နောက်ကနေပြီး ပြေးလိုက်တယ်။ အဲဒီလိုနဲ့ပဲ ကျောင်းကို သွားတာပေါ့။ ကျောင်းကို ရောက်ရင်တော့ ထုံးစံအတိုင်းပဲ ဘေးလှေကားက နေပြီးပဲ ပြေးတက်ရတာပေါ့။ ဓာက်လှေကားတော့ ရှိပါတယ်။ ဒါပေမယ့် ဓာတ်လှေကားမှာလည်း စောင့်နေတဲ့ သူတွေက အများကြီးလေ။ ကိုယ်က နောက်ကျနေတာ ဆိုတော့ စောင့်မနေနိုင်ဘူး။ ပိုနောက်ကျမှာ စိုးလို့။ အဲဒီလိုနဲ့ပဲ အခန်းထဲကို ရောက်တော့ ဆရာမက ရောက်နှင့်နေပြီ။ ကျောင်းနောက်ကျတော့ ဆူပြီပေါ့။ နောက်တစ်ခါ နောက်မကျတော့ ပါဘူး ကတိတွေ ထပ်ပေးတာပေါ့။ သူကလည်း မယုံပါဘူး။ ကျောင်းသားပြောတာပဲ ဘယ်ယုံမလဲနော်။ ကျွန်တော် ကလည်း ထုံးစံ ဖြစ်နေတော့ ပြောရတာပဲလေ။ စာသင်ပြီးသွားလို့ ကျောင်းကနေပြီး ပြန်လာရင်တော့ ကျွန်တော်က ရှေ့ဆုံးကနော်။ အဲဒီအချိန်ရောက် ရင်တော့ ဘယ်သူမှ ကျွန်တော့် ရှေ့ကိုမရောက်ဘူး။ အဆောင်ရောက်ရင်တော့ ဟိုလိုလို ဒီလိုလိုပဲ ပေါ့။ ညရောက်ရင်တော်တော်နဲ့ စာမကြည့်ဖြစ်သေးဘူး။ ထိုင်ဖြစ်တော့ လည်း ခဏပဲ ထိုင်ဖြစ်တယ်။ ညအိပ်တဲ့ အချိန်ကတော့ ကန့်သတ်မထားဘူးပေါ့။ ဒါပေမယ့် ကန့်သတ်ထားတာ တစ်ခုတော့ ရှိတယ်။ အဲဒါဘာလဲ ဆိုရင်တော့ အိပ်ခါနီးရင် alarm (၃) ကြိမ် ပေးမယ် ဆိုတာပါပဲ….
ဒီလောက်ပါပဲဗျာ… တိုက်ဆိုင်မှုလေးတွေ ရှိတယ်ဆိုရင်တော့ ခွင့်လွှတ်ပေါ့….

အပြည့်အစုံသို့

Friday, March 14, 2008

ဗလာခေါင်းစဉ်

လွတ်လပ်မှုကို ငါကလိုချင်တာပါ
ဒါပေမယ့်
ငါဦးတည်နေတဲ့ အရပ်က
ငါရဲ့ လွတ်လပ်မှုတွေကို
ဖမ်းစားတဲ့နေရာ ဖြစ်နေတယ်။

ငါရဲ့ ဆန္ဒကလည်း
အဲဒီ အရပ်ကလွဲလို့
အခြားအရပ်ကို ဦးတည်လို့မရဘူး။

အခုတော့
ငါကလည်း အဲဒီလွတ်လပ်မှုတွေကို
မုန်းချင်သယောင်ဖြစ်နေပြီ။

လွတ်လပ်မှုတွေကို ဖမ်းစားတဲ့
နေရာလေးကိုပဲ ကျေးဇူးတင်နေလေရဲ့
အဲဒီနေရာလေးမှာပဲ
ငါက ပျော်တက်နေလေရဲ့

အဲဒီ ဘ၀လေးကိုပဲ
ငါခုံမင်တက်မက် နေလေရဲ့။

ဘာလို့လဲ...?
အခုတော့ လွတ်လပ်မှုဆိုတာ
အတိုင်းအတာတစ်ခုအထိပဲ
ကောင်းတယ်ဆိုတာ ငါလက်ခံနေပြီလေ။

♥ မဏ္ဍိုင်

အပြည့်အစုံသို့