အားငယ်သူ အားပေးပါ

Wednesday, April 2, 2008

Gipsy Dream

လွမ်းမိတယ်ကွာ
တစ်ခါက မက်ခဲ့တဲ့ အိပ်မက်ကိုပေါ့
ပြောပြခဲ့ဘူးပါတယ်
ငါမင်းကို ချစ်ခဲ့တယ်ဆိုတာတွေက
အတုအယောင်မှ မဟုတ်တာ
မုသာဝါဒက ငါ့ဆီမှာ ရှားပါးပစ္စည်းပါ
မသိစိတ်ထဲမှာတောင်မှ
ငါမင်းအတွက် ကောင်းခဲ့တာပဲလေ။

ငါအိပ်မက်ထဲမှာ
အလှနတ်သမီးက မင်းပေါ့
သစ္စာမဲ့စွာနဲ့
အလှနတ်သမီး ငှားရမ်းအသုံးပြုခြင်း
ငါ့အိပ်မက်က ခွင့်မပြုခဲ့ပါဘူး။

မင်းနဲ့ငါရဲ့
ကြည်နူးခန်းလေးတွေ ဆိုရင်တော့
အိပ်မက် ဆက်မက်ခွင့်ပေးထားလေရဲ့
မင်းစိတ်ဆိုးနေရင်လည်း
ငါ ဆက်ပြီး ချော့နေသေးတာပဲလေ
မင်း လိုချင်တာရှိရင်လည်း
ရအောင် ငါယူပေးခဲ့တာပေါ့။

အဲ ဒါပေမယ့်
အလှနတ်သမီးရဲ့
ဇာတ်နာခန်းကိုတော့ ဆက်မက်ဖို့
ငါ့အိပ်မက်က ခွင့်မပြုခဲ့ဘူး
ချက်ချင်းပဲ
အဲဒီနေရာမှာ တစ်ခန်းရပ်ပြီးတော့
အိပ်မက်ကို လန့်နှိုးပစ်လိုက်တယ်။

အဲဒီအချိန်မှာတော့
ငါအသိစိတ် ၀င်လာပြီပေါ့
မက်နေတဲ့ အိပ်မက်
တန်းလန်းကြီးဆိုပြီးလည်း
ငါဒေါသပုန် မဖြစ်ပါဘူး
ကျေးဇူးတောင် တင်နေသေးတယ်
ငါ့ရဲ့ မသိစိတ်ကတောင်
မင်းအပေါ် ကြင်နာနေလို့လေ။

ဒါပေမယ့်
ငါ့အိပ်မက် တစ်ခန်းရပ်တာကိုပဲ
စိတ်ဆိုးသွားလေသလား?
ငါ့ရဲ့ အလှနတ်သမီးလေးကလည်း
အိပ်မက့်နဲ့အတူ ပျောက်ကွယ်သွားတာ

အခု အချိန်အထိပေါ့။

♥ မဏ္ဍိုင်

0 စာဖတ်သူက ဆိုတယ်: