အားငယ်သူ အားပေးပါ

Friday, April 25, 2008

ကောင်းကင်

ကြည်ပြာရောင်ရဲ့ ဂုဏ်ပုဒ်က
ဓနဥစ္စာချမ်းသာခြင်းနဲ့ အင်အားကြီးမားခြင်းတဲ့
ခပ်တည်တည်သိမ်းပိုက်ပြီး
ထည်ဝါမှုအပြည့်နဲ့ ငြိမ်သက်နေလိုက်တာ
ဘယ်သူကိုမှ ဂရုမစိုက်သလို။

တစ်ခါတစ်လေ လေပြေလေးတွေက
တိမ်ဖြူတွေကို ကျီစယ်လို့
အပိုင်စားရသည့်အလား ဟိုဟိုဒီဒီ
ပြေးလွားနေလိုက်ကြတာ ကြည်နူးစရာ။

ရံဖန်ရံခါ လေနီကြမ်းရဲ့ဒဏ်ကို
တိမ်မည်းတွေက ရင်စီးခံလို့
ငိုကာယိုကာနဲ့ တပ်ဆုတ်လာလိုက်ကြတာ
သနားစရာ။

လူတွေကလည်း စိတ်ညစ်မှုတွေကို
ကောင်းကင်ဆီမှာ ကုစားကြတယ်
မျက်နှာအပ် အော်ဟစ်ရင်းနဲ့
သောကတွေကို လွှတ်ထုတ်လို့ပေါ့။

နေမင်းကြီးကတော့ အကြင်နာတရားမဲ့လိုက်တာ
ရက်ရက်စက်စက်နဲ့ ကောင်းကင်ကြီးကို
နေ့အခါ လောင်မြိုက်လို့။

ညနေချိန် ရောက်ရင်တော့
ကောင်းကင်ကြီးက နာကျင်နေလျှက်ပေါ့
ကြည်ပြာရောင်တောင် မဟုတ်တော့ဘူး
အနီရောင်သန်း ငြီးထွားလို့။

ရံဖန်ရံခါလည်း
လမင်းကြီးက ရွှန်းလဲ့တောက်ပလို့
ကြယ်ပေါင်းစုံနဲ့ အလှဆင်နေလိုက်ပုံများ
အံဩစရာ။

တစ်ခါတစ်လေတော့
ကောင်းကင်တစ်ခုလုံး အမှောင်အတိကျလို့
တိတ်ဆိတ်မဲမှောင်ပြီး အထီကျန်ဆန်နေလိုက်တာ
ခြောက်ခြားစရာ။

ဩော် ကောင်းကင်ကြီးမှာတောင်
သနားစရာတွေ ကြည်နူးခြင်းတွေ
သောက အပူလောင်မြိုက်မှုတွေ
အံဩစရာတွေ ငြီးထွားခြင်းတွေ
… တွေနဲ့ပါလား
အင်အားကြီးမားခြင်းဆိုတဲ့ ဂုဏ်ပုဒ်က
ဒါတွေကိုပဲ ရည်ရွယ်ခဲ့လေလား မသိ။ ♥ မဏ္ဍိုင်

0 စာဖတ်သူက ဆိုတယ်: