အားငယ်သူ အားပေးပါ

Sunday, April 27, 2008

သူ့နေရာနဲ့ သူ

မလာမှန်း သိလျှက်နဲ့
စောင့်ခဲ့ရတဲ့ နေ့တွေ၊

မချစ်နိုင်မှန်း သိလျှက်နဲ့

တမ်းတမိတဲ့ မျှော်လင့်ချက်တွေ၊

မရနိုင်မှန်း သိလျှက်နဲ့

လိုချင်မိတဲ့ အတိတ်ရဲ့ အိပ်မက်လှလှတွေ၊

ဘယ်သူစေခိုင်းချက်မှ မပါပဲ

သူ့နေရာနဲ့သူ နေရာယူလို့

အပိုးကျိုးနေလိုက်ပုံများ အမြင်ကပ်ချင်စရာ။

ဝေးသွားမှန်း သိလျှက်နဲ့
အမြဲတမ်းကြည့်ဖြစ်တဲ့ ဓါတ်ပုံလေးတွေ၊
တင်းထားမှန်း သိလျှက်နဲ့
ယိမ်းယိုင်သွားတဲ့ အတွေးအစလေးတွေ၊
ငြင်းထားမှန်း သိလျှက်နဲ့
ရောက်လာတက်တဲ့ အလွမ်းအစလေးတွေ၊
ဘယ်သူစေခိုင်းချက်မှ မပါပဲ
သူ့နေရာနဲ့သူ နေရာယူလို့
အပိုးကျိုးနေလိုက်ပုံများ အမြင်ကပ်ချင်စရာ။

လွမ်းမောရင်း ကြားက
ခလုပ်တိုက်ခဲ့တဲ့ အိပ်ပျက်ညတွေ၊
စဉ်းစားရင်း မောတဲ့
သူမပါတော့တဲ့ အနာဂါတ်သစ်တွေ၊
မဖြစ်နိုင်ဘူးလို့ မျက်ကန်းငြင်းတဲ့
တားလို့မရတဲ့ ငါ့အတ္တတွေ၊
ဘယ်သူစေခိုင်းချက်မှ မပါပဲ
သူ့နေရာနဲ့သူ နေရာယူလို့
အပိုးကျိုးနေလိုက်ပုံများ အမြင်ကပ်ချင်စရာ။ ♥ မဏ္ဍိုင်

1 စာဖတ်သူက ဆိုတယ်:

mmz+nmh said...

ကိုယ့်ခံစားချက်နဲ့ကွက်တိပါပဲ။